Thursday, 16 September 2010

ကျွန်တော် တို့အားလုံး သမိုင်းရေးနေသည် - Boycott ?


ကျွန်တော် တို့အားလုံး သမိုင်းရေးနေသည် - Boycott ?
by MyanmarElection Watch on Thursday, September 16, 2010 at 5:04pm
( ပြည်တွင်းမှ Blogger တဦး ရေးသား ပေးပို့သည် )

ကျွန်တော် စာမရေးဖြစ်တာ တော်တော်ကြာနေပြီဖြစ်ပါတယ်။ စာမရေးဖြစ်ပေမယ့် သတင်းတွေကိုတော့ မပြတ်တမ်း ဖတ်ဖြစ်၊ ကြည့်ဖြစ်ပါတယ်။ မွေးကတည်းက ပြည်တွင်းမှာပဲ တပ်မတော်အုပ်ချုပ်ရေးနဲ့ တမိသားစုလုံး  အသားကျလာတာဆိုတော့ အခုလို အုပ်ချုပ်ရေးစနစ်ပြောင်းတော့မယ်ဆိုတဲ့ ရွေးကောက်ပွဲ အသံတွေ ကျယ်ကျယ်လာတာနဲ့အမျှ ရင်ထဲမှာတစ်မျိုးတောင် ခံစားရ ဖြစ်မိတယ်။

အခုအပြောင်းအလဲက ဘယ်လိုပဲပြောပြော၊ ဘယ်လောက်ပဲ မျှော်လင့်မျှော်လင့် သိပ်တော့ ဟန်လှတယ် မဟုတ်တာကို တဖြည်းဖြည်းတွေ့လာရတယ်လို့ ကျွန်တော်တော့ ခံစားရပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်ကတော့ ကျွန်တော့်အရွယ်၊ ကျွန်တော့်အသိအမြင်အရ အခုလို အပြောင်းအလဲမျိုး တွေ့ကြုံရတာကို လူငယ်တစ်ယောက်အနေနဲ့ ကျေနပ်မိတယ်။ ဒါဟာ ကျွန်တော်တို့ သမိုင်းဖြစ်စဉ်မှာ ဝင်ရောက်စီးမြောခွင့် ရတယ်လို့ ယူဆတဲ့အတွက်ကြောင့်ပါ။

ဒီမိုကရေစီဟာ နောက်ဆုံးပန်းတိုင်မဟုတ်ဘူး လို့ ပြောတဲ့သူရှိသလို၊ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ မဟုတ်ဘူးလို့ ပြောကြတာလဲ ရှိပါတယ်။ ကျွန်တော်အယူဝါဒအားလုံးကို မငြင်းပါဘူး။ သူ့အယူအဆနဲ့သူ၊ သူ့ ရပ်တည်ချက်နဲ့ သူတော့ မှန်တာပဲလို့ မြင်ပါတယ်။ ကျွန်တော် ဘက်ပြောင်းကြည့်နိုင်ဖို့ပဲ ကြိုးစားပါတယ်။

အခုအပြောင်းအလဲက မျှော်လင့်သလောက်တော့ လုံးဝဖြစ်မလာတော့ဘူးဆိုတာ သေချာပါတယ်။ ဒါပေမယ့် လူငယ်တစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော့်ကတော့ ဗြုန်းကနဲ နတ်ပြည်ခုန်တက်ချင်တဲ့ ဆန္ဒမဟုတ်ပါဘူး။ အပြောင်းအလဲတစ်ခုကို တောင့်တတာပါ။ အဲဒီအပြောင်းအလဲက ကောင်းချင်မှ ကောင်းမယ်ဆိုတာကို သိထားပါတယ်။ ပိုဆိုးကောင်းတောင် ဆိုးသွားနိုင်တယ်လို့လည်း ကြိုတွက်ထားပါတယ်။ ဒါနဲ့များ ဘာကြောင့် ပြောင်းလဲချင်နေရသလဲလို့ မေးစရာရှိပါတယ်။

ရိုးရိုးပဲ တွေးပြောရရင်တော့ဗျာ မြန်မာနိုင်ငံကို အရင်က ဘဘကြီးတစ်ယောက်တည်း လုပ်ချင်ရာ လုပ်တာကနေ လူအများ ဝိုင်းပြောနိုင်၊ ပါဝင်ဆွေးနွေးနိုင်တဲ့ အနေအထားကို ကောင်းကောင်းမကောင်းကောင်း စမ်းကြည့်လိုက်ချင်တယ်။ လူအများဆိုရာမှာလည်း စစ်တပ် အစိတ်ဖြစ်ဖြစ်၊ ကြံ့ဖွံ့နဲ့ တစညအများစုပဲဖြစ်ဖြစ်၊ ဒီမိုကရက်တစ်အင်အားစု တစ်မူးသားပဲပါပါ ခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးကို မယုံလို့ပါ။

ကျွန်တော်တွေးမိသလောက် ပြောကြည့်ပါရစေ။ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားက အကြပ်အတည်း ကာလထဲမှာ ဖြစ်နေပါတယ်ခင်ဗျာ။ ဖိလစ်ပိုင်လို လူထုအင်အား အသုံးပြုပြီး လူထုလှုပ်ရှားမှုနဲ့ သွားလို့ရနိုင်မလားဆိုတာ ပထမဆုံး စဉ်းစားမိပါတယ်။ တော်တော်ခက်ပါလိမ့်မယ်။ မရဘူးတော့ မပြောလိုပါဘူးခင်ဗျာ ဒါပေမယ့် တော်တော်ခက်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ထိုင်းနိုင်ငံကို ဥပမာပြုကြည့်နိုင်ပါတယ်။ ရှပ်နီအရေး မအောင်မြင်ခဲ့တာကို ကြည့်မိတာကြောင့်ပါ။ မြန်မာ တပ်မတော်ရဲ့ စွမ်းရည် ကိုလည်း  ၁၉၉၀ ကစလို့ ၈၈ အရေးအခင်းနဲ့ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုတွေကိုကြည့်ရင် သိနိုင်ပါတယ်။ မြန်မာ့ တပ်မတော်ရဲ့ စွမ်းရည်ဟာ ထိုင်းစစ်တပ်နဲ့ ယှဉ်ကြည့်ရင် တော်တော်ကွာတယ်ဆိုတာ သိသာပါတယ်။ စွမ်းရည်ဆိုရာမှာ စစ်ရေးစွမ်းရည်ထက် နိုင်ငံရေး အကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေရှင်းမှု စွမ်းရည်ကို အဓိက ရည်ရွယ်လိုပါတယ်။ ဒါကြောင့် ဒီလမ်းဟာ တော်တော်ခက်ပါလိမ့်မယ်။

နောက်ဒုတိယတစ်နည်းက လက်နက်ကိုင်ပြီး အပြုတ်တိုက်တဲ့ နည်းပေါ့ခင်ဗျာ။ အဲဒါကလည်း ၁၉၉၀ကနေ အခုအချိန် ၂၀၁၀ အထိ လက်နက်ကိုင် အင်အားစုတွေအနေနဲ့ အကြောင်းကြောင်းကြောင့် အောင်မြင်အောင် မလုပ်နိုင်ခဲ့တာကို ကြည့်ရင် ဒီနည်းဟာလဲ လွယ်တယ်၊ မလွယ်ဘူး ဆိုတာထက် ပိုတာကို သိနိုင်ပါတယ်။

တတိယနည်းကတော့ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့ခင်ဗျာ။ အဲဒါလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုများက အလျှော့ပေးတာတောင် ဗိုလ်ချုပ်မှူးကြီးက မလျှော့ခဲ့တဲ့အတွက် နှစ်နှစ်ဆယ် အတွင်း ဘာထူးခြားမှုမှ မရှိခဲ့တာသိသာပါတယ်။

အဲတော့ဒီသုံးနည်းက မလွယ်ဘူးဆိုရင် အခြားဘာနည်းများ ကျန်ပါသေးသလဲ ခင်ဗျာ..

ကျွန်တော်ကြားဖူးတာတစ်ခုရှိပါတယ်။ အာဏာရှင်များဟာ သူတို့သေမှပဲ အာဏာကို စွန့်ပါတယ်တဲ့။ သူတို့ အသက်ရှိနေသရွှေ့တော့ ဘယ်တော့မှ လွယ်လွယ်နဲ့ အာဏာကို မစွန့်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးဟာ အသက် ၇၈ နှစ်ရှိပါပြီ။ သူရှိနေသရွေ့က အပြောင်းအလဲဆိုတာ မသေချာပါဘူး။ ဘယ်အချိန်သေမလဲ ဆိုတာလဲ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။

အာဏာရှင်ကြီးဆီက မျှော်လင့်နေကြသူတွေလား

၂၀၁၀ ရွေးကောက်ပွဲ တစ်ခုတည်းကနေပြီးတော့ ဒီမိုကရေစီနိုင်ငံကို ဘယ်လိုမှ ချက်ခြင်း တန်းမသွား နိုင်ဘူးဆိုတာ သေချာပါတယ်ခင်ဗျာ။ တိုင်းပြည်အပြောင်းအလဲဟာ အခု ရွေးကောက်ပွဲ တစ်ခုတည်း ကနေပြီး လုံးဝအဖြေမထွက်နိုင်ပါဘူး။ ကျွန်တော် ကောင်းကောင်းကြီး လက်ခံပါတယ်။

ဒီပွဲဟာ လွတ်လပ်မှုလည်းမရှိဘူး။ မျှတဖို့ကလည်း ခက်လိမ့်မယ်။ ဒီမိုကရေစီ ကျင့်ထုံးတွေ၊ စံနှုန်းတွေနဲ့ မညီဘူး။ အဲဒါတွေအားလုံး မှန်ပါတယ်။ သို့ပေမယ့်လို့ ကျွန်တော်တော့ ဘယ်အာဏာရှင်ကမှ ရွေးကောက်ပွဲ ဒီမိုကရေစီကျင့်ထုံးတွေနဲ့ အညီလုပ်ပေးတယ်လို့ မကြားဖူးပါဘူး။ အဲဒါကြောင့် အခုလို တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးတို့၊ တွေ့ဆုံဆွေးနွေးရေးတို့ကို တောင်းဆိုနေတာဟာ ဒီအာဏာရှင်ကြီးဆီက ရနိုင်မယ်၊ ရလိမ့်မယ်လို့ မျှော်လင့်ပြီးတော့များ တောင်းဆိုနေကြသလားဆိုတဲ့အတွေး ဝင်မိပါရဲ့ဗျာ။ ကျွန်တော်ကတော့ တွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ အဓိက ပန်းတိုင်ကို ချည်းကပ်နိုင်ဖို့ ဒီမမျှတတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရေးဆွဲထားတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင် ဗွိုက်ကောက် လုပ်ခြင်းအားဖြင့် ဦးသန်းရွှေဆိုတဲ့ အာဏာရှင်ကြီးကို ဖိအားပေးနိုင်မယ်လို့ NLD ကများ မျှော်လင့်နေသလားလို့ တွေးမိပါတယ်- တွေ့ဆုံ ဆွေးနွေးရေး ရရင်ရော လိုချင်တဲ့ပြောင်းလဲမှုကို ရနိုင်မှာ သေချာသလား ခင်ဗျာ။

ပန်းတိုင်တူနေပြီလား ဦးသန်းရွှေနဲ့ ဗွိုက်ကောက်များ

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ ၂၄ နှစ်အတွင်းမှာ ဧရာဝတီတိုင်းကို ပထမဆုံးအကြိမ် ခရီးသွားပြီး ပြန်ရောက်ခဲ့တယ်လို့ RFA စာမျက်နှာကနေ သိရပါတယ်။ သူ့ရဲ့ဇာတိမြေကို ပြန်သွားခွင့်ရတာ ပြောခွင့် ဆိုခွင့် ရတာကို ကြားရလို့ ဝမ်းသာရပါတယ်။

NLD ပါတီဝင်များဟာလည်း အရင်က နှစ်ပေါင်းများစွာက မရရှိခဲ့တဲ့ အထိမ်းအမှတ် စည်းဝေးလုပ်မယ်၊ အဂါင်္နေ့ ဝတ်ပြုဆုတောင်းမယ်၊ ကြေငြာချက်ထုတ်မယ် ကစလို့ မြန်မာပြည်အနှံ့ ခရီးထွက်ဖို့အထိ တို့ကို အခုဆို လွတ်လွတ်လပ်လပ်သွားလာလို့ ရနေပါတယ်။ ဒါတွေလုပ်နိုင်ကိုင်နိုင်ဖြစ်နေတာဟာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးများ စိတ်ကောင်းနှလုံးကောင်း ဝင်နေတဲ့ အတွက်ကြောင့် လို့တော့ ကျွန်တော် မထင်ပါဘူး။ အခုလို သွားခွင့်လာခွင့် ပြောဆိုခွင့် ပေးနေတာဟာ NDF အပေါ်မှာ NLD ရဲ့ အပြုအမူနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ယူဆမိပါတယ်။

ကျွန်တော့်အမြင်ကတော့ ဒီမိုကရက်တစ်ပါတီတွေကို အာဏာရှင်ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေချင်တယ်။ ဒါပေမယ့် သူတို့ကို အနိုင်ရသွားဖို့အထိတော့ လိုလားမှာ မဟုတ်တာ သေချာပါတယ်။ အခုရွေးကောက်ပွဲမှာ သူ့လူအများစုကိုပဲ အနိုင်ရစေချင်မှာပါ။ NLD က NDF ပါတီကို အတိုက်အခံလုပ်နေခြင်း က ဦးသန်းရွှေ NLD ကို လွတ်လပ်စွာ သွားလာ ဟောပြောခွင့် ပေးထားခြင်းနဲ့ တိုက်ရိုက် ဆက်စပ် နေလိမ့်မယ်လို့ ယူဆပါတယ်။

ဗွိုက်ကောက်နဲ့ တိုင်းရင်းသားများအခြေအနေ

ဗွိုက်ကောက်ကို တိုင်းရင်းသားတွေအနေနဲ့ ဘယ်လိုမြင်သလဲ ဆိုတာဟာလဲ အရေးကြီးတဲ့ အချက်တချက်ပါ။

ကျွန်တော်ကြားရသလောက်တော့ ရခိုင်ဘက်မှာဆိုရင် ရခိုင်ဖွံ့ဖြိုးတိုးတက်မှုပါတီက စစ်တွေမှာ တိုင်းဒေသကြီး နှစ်နေရာ၊ ပြည်သူ့လွှတ်တော် တစ်နေရာနဲ့ အမျိုးသားလွှတ်တော်မှာ တစ်နေရာ ဝင်ရောက်ယှဉ် ပြိုင်ဖို့ ရခိုင်တိုင်းရင်းသား အယောက်ငါးဆယ်ထွက်တယ်ဆိုပဲ ခင်ဗျ။ အဲဒါကို ရခိုင်မြို့မိမြို့ဖတွေက မဲနဲ့ လေးယောက်ပြန်ရွေးတယ်လို့ ကြားမိပါတယ်။ ကျွန်တော်တို့ ပြည်မဘက်မှာ အမတ်လောင်းမရှိလို့ အခက်တွေ့ နေတဲ့အချိန်မှာ ရခိုင်ပါတီက အယောက်ငါးဆယ် ထွက်တယ်လို့ ကြားရတာက တမျိုးစဉ်းစားစရာရပါတယ်။ အဲတော့ ဗမာတွေဘက်မှာသာ ဗွိုက်ကောက်စဉ်းစားနိုင်ပေမယ့်
တိုင်းရင်းသားတွေ အနေနဲ့ သူတို့လူမျိုးတွေ ရတဲ့နေရာကနေ ရဖို့ကြိုးစားတာ တွေ့ရတော့ တိုင်းရင်းသားတွေနေရာမှာ ဗွိုက်ကောက် ရဖို့ ခက်လိမ့်မယ်ထင်တယ်။ ရခိုင်ခြောက်ဖွဲ့ ပေါင်းထားတာက ၉၀ ခုနှစ်  ကထက် စည်းလုံးတယ်လို့ ပြောဆိုနေကြတာကို လက်ခံရမှာပါ။

တိုင်းရင်းသား ဗမာကွာခြားမှုကိုလည်း အတွေးပွားမိတယ်။ ဒီမိုအင်အားစုများက  ဗွိုက်ကောက်အသံကျယ်ပြီး မဲမပေးမယ့် ဘာကြောင့်ပဲဖြစ်နေဖြစ်နေ ကြံ့ဖွံ့နဲ့ တစညကို မဲပေးမယ့် သူများကတော့ သူတို့မဲသူတို့ ပေးကြမှာပဲလို့ ထင်မိပါတယ်။

ရွေးကောက်ပွဲက တဆင့်ဘာမျှော်လင့်သလဲ

အယင်ကတော့ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစု ၁၈ ပါတီလောက်ပေါင်းရင် ရွေးကောက်ပွဲ မှာ ၅၃ ရာနှုန်းလောက် နိုင်မယ်လို့ မျှော်လင့်ခဲ့ဖူးပါတယ်။ အဲဒါဆိုရင် လွှတ်တော်ထဲမှာ ဥပဒေအချို့ ပြုလို့ရမယ်။ ပြည်သူဆီကို အသံတွေ ထွက်နိုင်မယ်။ ပြောနိုင်မယ်။ political process စလို့ရမယ်လို့ ထင်မိခဲ့ပါတယ်။

ကျွန်တော်နားလည်သလောက်အရ အခု စီးပွားရေး လုပ်ငန်းရှင်များကို ကောက်ခံနေတဲ့ ပို့ကုန်တင်ပို့မှုက ရငွေစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း အခွန်ဟာ ဥပဒေနဲ့ ပြဌာန်းထားတာမဟုတ်ပါဘူး။ အဲဒီတော့ အဲဒီပြဿနာ အတွက် လွှတ်တော်ခေါ်လို့ရတဲ့အခါမှာ ဒီလို ဥပဒေမရှိဘဲ ပို့ကုန်ခွန်ကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို ဖျက်သိမ်းဖို့ဆိုတဲ့ ဥပဒေကို တင်မယ်ဆိုရင် ကြံ့ဖွံ့က အမတ်လောင်း ဦးဌေးမြင့်၊ ဦးခင်ရွှေ၊ ဦးဝင်းမြင့်တို့ ငြင်းမယ်များယူဆမိကြပါသလားခင်ဗျာ။ ကျွန်တော်တော့ ၅၁ ရာနှုန်းတောင် ကျော်ဦးမယ်လို့ ထင်ပါတယ်။ သမ္မတကြီးဟာ ဦးသန်းရွှေဖြစ်ဦးတော့ သူဟာ ဒါကို မဖျက်သိမ်းပေးဘူးဆိုရင် မီဒီယာက တစ်ဆင့် ၉၂ ရာနှုန်းကျော်နဲ့ အတည်ပြုထားတဲ့ အခြေခံဥပဒေကို သမ္မတကြီးက အကောင်အထည်ဖော်ဖို့ နောက်တွန့် နေပါတယ်လို့ ဖွလို့ရပါတယ်။  ဒါမျိုးအခွင့်ရလာတာကို political process ရှိလာတယ်လို့ ဆိုရမှာပါ။

ဒါမယ့် တိုင်းပြည်ကံကြမ္မာက အဲလိုလုပ်ခွင့် မပြုဘူးလားမသိဘူးခင်ဗျာ။ ပါတီအသီးသီးက ထွက်လာတဲ့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း အမည်စာရင်းကိုကြည့်ပြီး အဲဒါကို ခန့်မှန်းကြည့်မိတယ်။ အားလျော့ သွားမိပါတယ်။အဲ့ဒီလို ဖြစ်ရတာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ NDF ပါတီ အမတ်အရေ အတွက်နဲအောင် ဒီမိုကရေစီ အင်အားစုများ ဘက်က ဘယ်သူတွေ ဘာတွေလုပ် ခဲ့တယ် ဆိုတာ သမိုင်းက မှတ်တမ်းတင်မှာပါ။ လောလောဆယ်မှာတော့ မင်းတို့ တာဝန် ပြီးဆုံးပြီ ၊ NDF လည်း လူတရာကျော်ဘဲ ပြိုင်နိုင်တော့တယ်၊ ရှေ့ကို မင်းတို့ မလိုတော့ဘူး ဆိုပြီး NLD ပါတီ ဖျက်ပေးလိုက်ပါပြီ၊ ဘာဆက်လုပ်မလည်းတော့ မသိပါ။

အရင်က ကျွန်တော်မျှော်လင့်မိတဲ့ အခြေအနေ အဲလောက် မသေချာဘူးတော့ ဆိုရင်တောင်မှ နောက် တစ်ဆင့်က သုံးဆယ်ရာနှုန်းလောက် ဒီမိုအင်အားစု နိုင်ရင်လည်း လွှတ်တော်ခေါ်ခွင့် ရနိုင်သေးတယ်။ လွှတ်တော်ခေါ်ပြီး အသံထွက်အောင် လုပ်ရင်းကနေ Political process ကို စနိုင်အောင် လုပ်လို့ရမယ် ဆိုတာက နောက်ထပ် မျှော်လင့်ချက် အလင်းရောင် တစ်ခုပေါ့ခင်ဗျာ။

ကျွန်တော့်မိတ်ဆွေတစ်ယောက်က ပြောတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ ကြိုပြောတာမျိုးမရှိဘဲ အခြေအနေကို စောင့်ကြည့်ပြီးမှ ရှေ့ကိုတစ်လှမ်းချင်းလောက်ပဲ တစ်ဆင့်ပြီး တစ်ဆင့် ချပြနေတာကိုတောင် သဘောမပေါက်သေးရင်တော့ ရွေးကောက်ပွဲကို လက်ခံသူအားလုံး သမိုင်းတရားခံ ဖြစ်ကြမှာပဲ လို့ ဆိုတယ်ခင်ဗျ။ ဒါဟာ အမှန်ပဲခင်ဗျ။ ကျွန်တော်တို့ သမိုင်းတရားခံ ဖြစ်သွားနိုင်တယ်။သမိုင်းတရားခံမဖြစ်ချင်ရင်တော့ ကျွန်တော်တို့ဆန့်ကျင်ရမှာပဲ။ သွားရမယ့်လမ်းက ဗွိုက်ကောက်ပဲဗျ။ ဘာအာမခံချက်ကိုမှ ပေးမထားပဲနဲ့ ဘယ်လိုပဲ အကြောင်းပြပြ မမြင်ရတဲ့ ရွေးကောက်ပွဲပြီး ကာလကို ကောင်းလာမယ်လို့ အကောင်းမြင်မပေးနိုင်စရာ အကြောင်းကို မရှိဘူး။”  မိတ်ဆွေ  NLD ဟောင်း ကြီး တဦး ကနေ့တိုင်းပြောနေပါတယ်။

ဒါပေမဲ့ ကျွန်တော် ပြန်မေးနေမိတာက ဒါဆို ဘာဆက်လုပ်ကြမှာလဲ။ ဗွိုက်ကောက်ပြီးရင် ဘာလုပ်မှာလဲ။ ကျွန်တော် ၉၀ ရလာဒ်ကို လေးစား အသိအမှတ်ပြုတယ်။ အန်တီစုရဲ့ အရည်အချင်းနဲ့ ခေါင်းဆောင်မှုကို ယုံတယ်ခင်ဗျ။  အန်တီစုသာရှိရင် သူ့ခေါင်းဆောင်မှု နောက်ကနေ သူတင်တဲ့လမ်းကို ရဲရဲလိုက်ဝံ့ပါတယ်။ ကျွန်တော် အကောင်းမြင်ကြည့်ချင်မိပါတယ်။ ဒါပေမဲ့ အန်တီ အပြင်ကို ရောက်ချိန်မှာ ရွေးကောက်ပွဲက ပြီးသွားပြီ ဖြစ်တဲ့ အတွက် နတ်သကြားများ ပေးတဲ့ အဖြေမျိုး တခုဘဲအားကိုး စရာရှိပါလိမ့်မယ်။

အခုအန်တီစု ပြောနေတဲ့၊ ပြောနေတယ်လို့ ထွက်နေတဲ့ အန်တီ့ အသံများဟာ သူကိုယ်တိုင်ပြောတဲ့ အသံဖြစ်တာ သေချာပါသလား။ ကျွန်တော်မသိဘူး။ ကျွန်တော် စဉ်းစားပြီး ပြောမိခြင်းပါ။ အန်တီစုဟာ ၂၀၀၃ခုနှစ် မေလက ဒီပဲရင်းမှာ ဖြစ်တဲ့ကိစ္စကစလို့ ပြည်သူနဲ့ မထိတွေ့ရတာ အခုအချိန်ထိပါ။ သူဟာ ဦးဥာဏ်ဝင်းနဲ့တွေ့တယ်။ နိုင်ငံခြားသား သံတမန်များနဲ့ သုံးလေးကြိမ်တွေ့ခွင့်ရတယ်။ ကျွန်တော်မြင်ရ ကြားရသလောက်က သူအပြင်နဲ့ဆက်ဆံရတာ အဲတစ်ခုပဲ ရှိပါတယ်။

နောက်ထပ် အရေးအကြီးဆုံးဖြစ်တဲ့ အန်တီစုနဲ့ ထိတွေ့တာအများဆုံးက လေလှိုင်းက ရေဒီယို အသံသာ ဖြစ်ပါတယ်။ ရေဒီယို သတင်းများဟာ အင်မတန်မှ အားကိုးရပါတယ်။ ပြည်တွင်းမှာ မကြားရ မသိရတဲ့ သတင်းမှန်သမျှကို ရေဒီယိုကသာပဲ ကျွန်တော်တို့ ရရှိတာပါ။ ဒါပေမယ့် ရေဒီယိုအသံများက သတင်းများကိုသာ လွှင့်ပေးနိုင်ခြင်းဖြစ်ပါတယ်။ တကယ့် အစစ် အမှန်အခြေအနေကို ထင်ဟပ်နိုင်မယ်ဆိုတာ ပြောရခက်ပါတယ်။

ကိစ္စတစ်ခုကို တပတ်လည်အောင် ကြည့်နိုင်မြင်နိုင်ဖို့ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များကို ချနိုင်ဖို့အတွက် အရေးအကြီးဆုံး အချက်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်တွင်းပြည်ပက တကယ့် အခြေအနေအမှန်တွေ၊ အသံအစစ်အမှန်တွေကိုသာ အန်တီစု ကြားရမယ်၊ သိခွင့်ရမယ်ဆိုရင် ပိုမိုခိုင်မာ ရှင်းလင်းတဲ့ ရပ်တည်ချက်၊ အတွေးအမြင်တွေ ထွက်ပေါ်လာမလားလို့ ခန့်မှန်းမိပါတယ်။ အန်တီစုဟာ ကျွန်တော်တို့ နှလုံးသားထဲက ခေါင်းဆောင်အဖြစ်နဲ့ အမြဲတမ်းရှိနေမှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေက တကယ့်အကြပ်အတည်းပါ။  ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေဟာ အာဏာရူးကြီးရဲ့ စိတ်ကူးပေါက်ရာ မူဝါဒများထဲမှာ ဖြစ်ချင်တာဖြစ်နေတာပါ။ ဗိုလ်ချုပ်မှူးကြီး ဘယ်တော့ သေမယ်ဆိုတာ ဘယ်သူမှမသိ နိုင်ပါဘူး။ဒါပေမဲ့ သူသေသွား ရင်ဆိုပြီး ကြိုတင် ပြင်ဆင် ထားသူဆိုလို့ နာရေး သတင်း ရေးဖို့ ကြိုစုထားတဲ့ ဂျာနယ်လစ် တချို့သာရှိပါတယ်။ နောက်လူ dialogue စကားပြောချင်အောင် လုပ်ထားကြတာ မတွေ့ဘူးပါဘူး။

အဲတော့ကျွန်တော့်ရဲ့ မျှော်လင့်ချက်ကတော့ မဲပေးဖို့တစ်ခုပဲရှိပါတယ်။ နီနီ၊ ရဲရဲ၊ ဝါဝါ၊ စိမ်းစိမ်း၊ မဲပေးရပါလိမ့်မယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးကို အားပေးမယ်လို့ မထင်တဲ့ခြင်္သေ့များ၊ လွှတ်တော်ခေါ်ရဲမယ်လို့ မထင်တဲ့ ခြင်္သေများကို လုံးဝမဲပေးမှာမဟုတ်ဘူး။ ဒါကြောင့် အခု အမတ်လောင်း များထဲက ပြောရဲဆိုရဲရှိတဲ့သူ၊ လွှတ်တော်ခေါ်ရဲမယ်လို့ သေချာတဲ့သူကိုမဲပေးမယ်။ ဒါမေယ့် ဒီမိုကရေစီကို လိုလားတဲ့ လူငယ်တစ်ယောက်အနေနဲ့ အင်အားများတဲ့ ခမောက်ကို အဓိက မဲပေးမယ်။ အန်တီစုလွတ်လာရင် အန်တီစု တင်တဲ့လမ်းကို လိုက်မယ်။ အခု NLD တွေကိုတော့ လုပ်ပုံကိုင်ပုံ ကြည့်ပြီး ကျွန်တော် ရိုးသားတယ်လို့ မထင်ဘူး။ သဘောထားချင်း မတူတဲ့ တချိန်က လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီ အင်အားစု တခုကို ချေမှုန်းနေတဲ့ အဲဒီ လူများကို ကျွန်တော် ကြည်ညိုလို့ မရတော့ဘူး။ ဒါဟာ ကျွန်တော့်ရဲ့ ရွေးချယ်ချက်ပါပဲ။

’’ပြည်ခိုင်ဖြိုးက ဘယ်လောက်ပဲ တနိုင်ငံလုံးပြိုင်ပြိုင်၊ ခမောက်ပါတီနဲ့ ယှဉ်လာရင် ခမောက် (NDF) ကို မဲထည့်ပါ။ NDF မရှိတဲ့ နေရာမှ တစညကို မဲပေးပါ။ တိုင်းရင်းသားပါတီနဲ့ယှဉ်ရင် တိုင်းရင်းသားပါတီကို မဲထည့်ပါ။ ၁ဝဝ ရာခိုင်နှုန်းမှာ တပ်က အစိတ်ရှိနေပြီ။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းမှာ ကျနော်တို့က ၆ဝ ရာခိုင်နှုန်းနိုင်ရင် ကျနော်တို့ လုပ်ပိုင်ခွင့် ရှိပြီ။’’ ဟု ရခိုင် တိုင်းရင်းသား ခေါင်းဆောင် တယောတ် က မဇ္ဈိမကို ပြောခဲ့တယ်၊ သိပ်မိုက်တယ်ဗျ။

ဘယ်လိုပဲ ပြောင်းပြောင်း၊ ဘယ်လောက်ဖိုးပဲ ပြောင်းပြောင်း၊ တပဲဖိုး လောက်ပဲ ပြောင်းဦးတော့ ကျွန်တော် ကတော့ ကန္တာရထဲက ရေတစ်စက်လို တန်ဖိုးထားမိမှာ ဖြစ်ပါတယ်။ ပြည်ပက ဆရာတို့ ရေ ခင်ဗျားတို့ အကြောင်းပြလို့ကောင်းအောင် ဒီမိုကရေစီ နှုန်းစံ များလဲ မပေါ်ဘူး၊ ခင်ဗျား တို့လဲ ပြန်မလာပါဘူး ဆိုတာ ကျွန်တော်သိ ပါတယ်။ ဒါပေမဲ့ အမှောင်ထဲ ကကျွန်တော် တို့ ဘဝ ကို သနား သလိုလို နဲ့လုပ်စားနေကြတာ ကို တော့ ကန့်ကွက်လိုက်ပါတယ်။ ဟော့ဒီစာပိုဒ်လေး ဖက်ကြည့်ပါ။

Optimistic and sometimes painfully idealistic, the bloggers are strongly opposed to the government but are fed up with what is written about Burma from outside the country: media reports, blogs written by political exiles and human rights websites are all damning of the junta but offer nothing positive, they say. "They are just attacking the regime and nothing else," (Burma's junta can't escape from the net - Asia, World - The Independent www.independent.co.uk) တိုးတက်မှု မရှိတဲ့ အမှောင်ကမ္ဘာထဲမှာ နေခဲ့ကြရတဲ့ နှစ်ပေါင်းက ငါးဆယ် ရှိပြီလေ။

Wednesday, 15 September 2010

ပြည်တွင်းဂျာနယ်များမှ NDF သတင်းများ

ပြည်တွင်းဂျာနယ်များမှ NDF သတင်းများ






အမျိုးသားဒီမိုကရေစီအင်အားစုဥက္ကဌဦးသန်းငြိမ်းအင်တာဗျူး


အမျိုးသားဒီမိုကရေစီအင်အားစုဥက္ကဌဦးသန်းငြိမ်းအင်တာဗျူး



 

 Yangon Times ဂျာနယ်မှကူးယူဖေါ်ပြသည်

Tuesday, 14 September 2010

အမျိုးသားဒီမိုကရေစီအင်အားစု သင်္ဃန်းကျွန်းမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲသတင်းဓါတ်ပုံများ

အမျိုးသားဒီမိုကရေစီအင်အားစု
သင်္ဃန်းကျွန်းမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲသတင်းဓါတ်ပုံများ













Friday, 10 September 2010

၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ့် မိတ်ဖက်ပါတီများ စုစည်း

၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ့် မိတ်ဖက်ပါတီများ စုစည်း
By မသင်းသီရိ (VOA) သောကြာ, 10 စက်တင်ဘာ 2010
ရွေးကောက်ပွဲဝင်မယ့် အရပ်ဘက် နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲ မိတ်ဖက် ပါတီများဆိုပြီး စုစည်းဖို့ ကြိုးစားနေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်ရေးဆိုတဲ့ တူညီတဲ့ အခြေခံအပေါ်မှာ လွှတ်တော်အတွင်း ဒီမိုကရေစီ အင်အားစုတွေ စုစည်းနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့တွေနဲ့ ဘယ်လို စီစဉ် ဆောင်ရွက်နေသလဲ ဆိုတာတော့ အသေးစိတ်ကို မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။
ရွေးကောက်ပွဲ အကြိုကာလ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းတွေမှာရော ရွေးကောက်ပွဲအပြီး အစိုးရသစ်အဖွဲ့ရဲ့ လွှတ်တော်တွင်းမှာပါ ဒီမိုကရက်တစ် အင်အားစုတွေက အစုအဖွဲ့နဲ့ လှုပ်ရှားနိုင်ဖို့ ရွေးကောက်ပွဲ မိတ်ဖက်ပါတီများ ဆိုတဲ့ အဖွဲ့ကို လုပ်နိုင်ဖို့ ဆွေးနွေး စီစဉ်နေကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် အများ လက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရွေးကောက်ပွဲကိုဝင်ပြီး လွတ်တော်တွင်းမှာ ပြင်ဆင်မယ်လို့ သဘောထားရှိတဲ့ နိုင်ငံရေးအင်အားစုတွေ စုပေါင်းဖို့ စီစဉ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“အစစ်အမှန် ဒီမိုကရက်တစ်ဖြစ်တယ်၊ နောက်အခါမယ် လွှတ်တော်ထဲမှာလည်း ဒီမိုကရေစီ လုပ်ငန်းရပ်ဖြစ်တဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ဆိုတဲ့ သဘောထားအပေါ်မှာ ရှိနေတဲ့ပါတီဆိုလို့ရှိရင် လွှတ်တော်ထဲမှာပဲ နေပြီး လက်တွဲနိုင်အောင် အခုကတည်းက ကျနော်တို့က ရွေးကောက်ပွဲ မိတ်ဖက်ပါတီတွေ အဖြစ်နဲ့ စုစည်းသွားဖို့ ရှိပါတယ်။ ကျနော်တို့ မူဝါဒအနေနဲ့ကတော့ ရှိပြီးသားပါ။ ဒါကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ တင်သွင်းပြီးတဲ့အခါမှာ အကောင်အထည် ဖော်ဖို့ဆိုပြီးတော့ နီးနီးကပ်ကပ် ရှိလာတဲ့ သဘောတော့ ရောက်လာတယ်ခင်ဗျ။”
NDF ပါတီနဲ့အတူ တခြား နိုင်ငံရေးပါတီ တချို့အပြင် တိုင်းရင်းသားပါတီ တချို့ကပါ ဆွေးနွေးတိုင်ပင်နေကြပြီ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
“၇ ရက်နေ့က ပြည်ထောင်စု ဒီမိုကရေစီပါတီပေါ့လေ။ ဦးသိန်းဌေး ခေါင်းဆောင်တဲ့ပါတီက ကျနော်တို့ ရုံးမှာတွေ့ပါတယ်။ ရုံးမှာ တွေ့ပြီးတော့ ကျနော်တို့ ဆွေးနွေးကြတဲ့အခါမှာ ရွေးကောက်ပွဲ မိတ်ဖက်ပါတီများအဖြစ်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့တော့ ကျနော်တို့ သဘောတူထားပါတယ်။ နံပါတ် - ၂ ကတော့ ဦးသုဝေ တို့ပါတီကလည်း သူတို့ ကမ်းလှမ်းပြီးတော့ ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။ ဦးသိန်းဌေးတို့ ဘက်နေပြီးတော့။ နောက်ပြီးတော့ ကျနော်တို့နဲ့ စကားပြောပြီးသား ဦးစိုင်းအိုက်ပေါင်း Shan National Democratic Party ရယ်၊ ဒေါက်တာ စောဆိုင်မွန်သာ တို့နဲ့လည်း ကျနော်တို့ စကားနည်းနည်း ပြောကြည့်ထားပါတယ်။ နီးစပ်ရာတွေ ကျနော်တို့ စထားဦးမှာပါ။ ”
NDF ပါတီက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောသွားတာပါ။ ကိုယ်စားလှယ် အင်အား ၁,၁၀၀ ကျော်နဲ့ ၀င်မယ့် ကြံ့ခိုင်ရေး ပါတီနဲ့အတူ အင်အား ၉၀၀ ကျော်ရှိမယ့် တစည ပါတီတွေကသာ လွတ်တော်မှာနေရာ အများစုရဖို့က အသေအချာ ဖြစ်နေတော့ လွတ်တော်တွင်း ဥပဒေတွေကို အတည်ပြုနိုင်ဖို့ အရပ်သား နိုင်ငံရေး ပါတီတွေက အတိုင်အခံ အင်အားကောင်းကောင်း ဖြစ်ထားဖို့ လိုတယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ဥက္ကဌ ဦးသိန်းဌေးကဆိုပါတယ်။
“ကျနော်တို့က ပထမ ရည်ရွယ်ထားတာက တဖက်အင်အားစုနဲ့ ကျနော်တို့ အင်အားစုသည် မသာဦးတော့၊ အနိမ့်ဆုံး တန်းတူအင်အားစု အနေနဲ့ ကျနော်တို့က ကြိုးစားကြည့်တာပါ။ ကြိုးစားကြည့်တဲ့အခါ အနေအထားတခုကြောင့် ကျနော်တို့က တမျိုးဖြစ်သွားတယ်။ အဲဒီမှာ ရှိတဲ့အင်အားနဲ့ ကျနော်တို့က ရပ်ခံပြီးသွားရမှာပါ။ အခွင့်အရေးနဲ့လာတယ်လို့ပဲ ကျနော်တို့က ယူဆတယ်။”
UDP ဥက္ကဌ ဦးသိန်းဌေး ပြောပြခဲ့တာပါ။ ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ် အမည်စာရင်းတွေကို ကော်မရှင်က စီစဉ်နေတာ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့ဟာ နောက်ဆုံး သတ်မှတ်ထားတဲ့ ရက်ကို ရောက်လာပြီဖြစ်ပြီး မကြာခင်ရက် အနည်းငယ်တွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ထုတ်ပြန်တော့မှာပါ။ အရည်အချင်း ပြည့်မှီခြင်း မရှိတဲ့အတွက်ဆိုပြီး ကိုယ်စားလှယ်တချို့ အပယ်ခံရတာမျိုး ရှိတယ်လို့ သိရပေမဲ့ အင်အား ၁,၁၀၀ ကျော်နဲ့ လွတ်တော် ၃ ရပ်စလုံးအတွက် နိုင်ငံတ၀ှမ်းလုံးမှာ ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ ကတော့ ဘယ်သူမှ အပယ်ခံရတာ မရှိဘူးလို့ မန္တလေးတိုင်း ကနေ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကြီးက ပြောပါတယ်။
“ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ၀င်တဲ့ကိုယ်စားလှယ်လောင်းတွေ အနေအထားကတော့ ကျနော် သိရသလောက်ကတော့ အပယ်ခံရတာ မရှိပါဘူး။ အားလုံးက စည်းမျဉ်းစည်းကမ်းနဲ့လည်း ညီတယ်။ ခရိုင်မှာလည်း ကျနော်တို့ လက်မှတ်ထိုးပြီး ကြပါပြီ။ နောက်တကြိမ် ထပ်ပြီးတော့ အတည်ပြုပြီးသွားပါပြီ။ ပြည်ခိုင်ဖြိုးဘက်ကနေ ၀င်တဲ့အားလုံးနီးပါးကတော့ အစကတည်းက သူတို့က နံမည်ကောင်းနဲ့ပေါ့လေ၊ လုပ်ကိုင်လာပြီးတော့ ရှေ့မှာလုပ်ခဲ့တာ အားလုံးကို ပြန်ပြီးတော့ လေ့လာမယ်ဆိုလို့ရှိရင် အစဉ်အလာအားဖြင့် အားလုံး ကောင်းတဲ့သူတွေ ဖြစ်တဲ့အတွက် နိုင်ငံအတွက်ကိုပဲ အဓိကထားပြီး လုပ်မယ့်သူတွေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
ကြံ့ခိုင်ရေး ပါတီကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ဦးကိုကြီး ပြောပြခဲ့တာပါ။
နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲတွေ အတွက် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ နောက်ဆုံး စာရင်းတင်သွင်းရတာ ဖြစ်ပြီးတော့ စက်တင်ဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ အမည်တွေကို စိစစ်နေတာဖြစ်ပါတယ်။
သတ်မှတ်ချိန် တိုတောင်းလှတဲ့ အခြေအနေတွေနဲ့အတူ နိုင်ငံရေးပါတီ တော်တော်များများဟာ အခက်အခဲ အမျိုးမျိုးတွေကြောင့် မှန်းထားတဲ့ ကိုယ်စားလှယ် ဦးရေအတိုင်း မတင်သွင်းနိုင်ခဲ့ကြပါတယ်။

Thursday, 9 September 2010

NDF


ခမောက်ဘေးမှာ အမှန်ခြစ်၊ပြည်သူ့အတွက်ဘဝသစ်

လူသစ်တည်လို့ ပြည်သစ်ဆောက်၊ဒီမိုကရေစီ ရွှေခမောက်

ဒီမိုကရေစီမျှော်လင့်ချက်၊ပြည်သူ့အတွက် NDF